ဗြိတိန်၊ ဝေးလ်နှင့် ပြင်သစ်တို့ကို အားပြင်းသည့်မုန်တိုင်း ဝင်ရောက်တိုက်ခတ်

7

အားပြင်းတဲ့မုန်တိုင်း အယ်လင်နောဟာ ဇန်နဝါရီ ၃ ရက်နေ့က ဗြိတိန်နိုင်ငံ ဂျာဆီနယ်၊ ဝေးလ်နယ်နဲ့ ပြင်သစ်နိုင်ငံတို့ကို ဝင်ရောက်ခဲ့ပါတယ်။

ဂျာဆီနယ်ရှိ စိန့်ဟယ်လီယာမြို့ကို မုန်တိုင်း အယ်လင်နော ဝင်ရောက်ခဲ့တာကြောင့် ကမ်းရိုးတန်းရှိ လမ်းတလျှောက် ယာဉ်အသွားအလာ ထိခိုက်ခဲ့ရပါတယ်။

အရေးအပေါ်ကယ်ဆယ်ရေး ဝန်ထမ်းတွေကို တာဝန်ချထားကာ ယာဉ်အသွားအလာကို ကြပ်မတ်ထိန်းကျောင်းခဲ့ပြီး မုန်တိုင်းဒဏ်သင့်လမ်းတွေကို ပိတ်ထားခဲ့ပါတယ်။

ဗြိတိန် မိုးလေဝသဌာနက မုန်တိုင်းနဲ့ ဒီရေတက်တာ အတူဖြစ်ပေါ်တာကြောင့် ကမ်းရိုးတန်းဒေသတွေမှာ လှိုင်းကြီးနိုင်ပြီး ဝဲပျံနေတဲ့ အပျက်အစီး အစအနတွေကနေ ထိခိုက်ဒဏ်ရာ ရနိုင်တယ်လို့ သတိပေးထားပါတယ်။

ဝေးလ်နယ်မှာတော့ ထရက်ဒါဘေးလ်၊ အန်ဂယ်ဆေးလ်နဲ့ ဘယ်ရီအိုင်းလန်း ကမ်းခြေတွေကို မုန်တိုင်း ဝင်ရောက်ခဲ့ပါတယ်။

မုန်တိုင်းကြောင့် လျှပ်စစ်ဓာတ်အားပြတ်တောက်တာ၊ ခရီးအသွားအလာ ထိခိုက်တာနဲ့ ရေကြီးတာတွေ ဖြစ်ခဲ့ပါတယ်။

ဝေးလ်နယ် ဒေသတချို့မှာ အဝါရောင်အဆင့် သတိပေးချက် ထုတ်ပြန်ထားပြီး မုန်တိုင်းဟာ မြောက်ဘက်ပင်လယ်နဲ့ အရှေ့ပိုင်းကို ဆက်လက်ရွေ့လျားနေတယ်လို့ ဗြိတိန် မိုးလေဝသဌာနက ဆိုပါတယ်။

မုန်တိုင်းကြောင့် မိုးသည်းထန်စွာ ရွာခဲ့ပြီး လေတိုက်နှုန်း တနာရီ ၁၅၅ ကီလိုမီတာ ရှိတယ်လို့ သိရပါတယ်။

မြောက်အိုင်ယာလန်မှာ ညတွင်းချင်း အပျက်အစီးတွေ ဖြစ်ပေါ်စေခဲ့တဲ့ အယ်လင်နောဟာ ပြင်သစ်နိုင်ငံကိုလည်း ဝင်ရောက်ခဲ့ပြန်ပါတယ်။

ဒီအတွက် နိုင်ငံမှာ ဒုတိယအမြင့်ဆုံးအဆင့် မိုးလေဝသ သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။

ပြင်သစ်နိုင်ငံ မြောက်ပိုင်းနဲ့ အရှေ့ပိုင်းတွေမှာ လိမ္မော်ရောင်အဆင့် သတိပေးချက် ထုတ်ပြန်ခဲ့ပြီး ပြည်သူတွေကို အိမ်ထဲမှာပဲနေကြဖို့ ပြင်သစ် မိုးလေဝသဌာနက တိုက်တွန်းထားပါတယ်။

မိုးကြီးမှုနဲ့ လေထန်မှုကြောင့် မြို့တော်ပါရီရှိ ချားလ်စ်ဒီဂေါလ် လေဆိပ်မှာလည်း ခရီးစဉ် ကြန့်ကြာမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

လေတိုက်နှုန်း တနာရီ ၁၄၇ ကီလိုမီတာရီိတဲ့ ဆောင်းမုန်တိုင်း အယ်လင်နော ဝင်ရောက်မှုကြောင့် ဇန်နဝါရီ ၃ ရက်နေ့ မနက်က ပြင်သစ်မြောက်ပိုင်းမှာ အိမ်ထောင်စု ၂ သိန်းခန့် လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့ရပါတယ်။

အရင်းအမြစ်: DVB - Multimedia Group