ပဲခူးတိုင်း ၀န်ကြီးချုပ် နုတ်ထွက်ပေရန် ဆန္ဒဖော်ထုတ်မည်

1

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် နုတ်ထွက်ပေးရေးအတွက် ပဲခူးမြို့မှာ ဇန်န၀ါရီ ၁၄ ရက် မနက် ဆန္ဒဖော်ထုတ်မယ်လို့ စီစဉ်နေသူတွေက ပြောပါတယ်။

ဦးဆောင်စီစဉ်သူတယောက် ဖြစ်တဲ့ ကိုနေလင်းက “ရွှေမော်ဓောဘုရားနားမှာ စုရပ်လုပ်ပြီး တိုင်းလွှတ်တော်ရှေ့၊ အစိုးရရုံးရှေ့မှာ ဆန္ဒပြမယ်။ အဲဒီမှာ ဟောပြောတာ၊ တောင်းဆိုတာတွေ လုပ်မယ်။ အန်အယ်လ်ဒီရုံးရှေ့ကိုလည်း သွားပြီး ပြမှာပါ” လို့ ပြောပါတယ်။

တရားဥပဒေ စိုးမိုးအောင် မဆောင်ရွက်နိုင်တာ၊ မြေယာပြဿနာတွေ မဖြေရှင်းပေးနိုင်တာနဲ့ ဒေသတွင်း ဖွံ့ဖြိုးရေးနဲ့ အလုပ်အကိုင်ဖန်တီးမပေးနိုင်တာ စတဲ့ အချက် လေးချက်ကြောင့် နုတ်ထွက်ပေးဖို့ တောင်းဆိုရတာ ဖြစ်ပြီး ဆိုင်းဘုတ်နဲ့ ကြွေးကြော်သံတွေမှာလည်း အဲဒါတွေကို တောင်းဆိုမှာ ဖြစ်ပါတယ်။

ဒီဆန္ဒပြပွဲမှာ အန်အယ်လ်ဒီပါတီဝင်တွေလည်း ပါဝင်မယ်လို့ စီစဉ်နေသူတွေက ပြောပါတယ်။

မြို့နယ်အန်အယ်လ်ဒီ ဥက္ကဋ္ဌကတော့ အခုလို ဆန္ဒဖော်ထုတ်တာဟာ ပဲခူးမြို့နယ် အန်အယ်လ်ဒီ အလုပ်အမှုဆောင်အဖွဲ့ရဲ့ သဘောထား မဟုတ်ဘဲ ဆန္ဒဖော်ထုတ်သူတွေရဲ့ သဘောအလျောက်ပဲ ဖြစ်တယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။

၂၀၁၆ ခုနှစ်နဲ့ ၂၀၁၇ ခုနှစ် အောက်တိုဘာလတွေတုန်းကလည်း ပဲခူးတိုင်း ဝန်ကြီးချုပ် ဦးဝင်းသိန်း နုတ်ထွက်ပေးဖို့ ဆန္ဒဖော်ထုတ်ခဲ့ဖူးပါတယ်။

မနေ့ကလည်း ပဲခူးတိုင်း အစိုးရအဖွဲ့က သယံဇာတနဲ့ သစ်တောဝန်ကြီး၊ စည်ပင်သာယာရေးနဲ့ လူမှုရေး ဝန်ကြီးတို့ကို သမ္မတက နုတ်ထွက်ခွင့်ပြုကြောင်း ကြေညာခဲ့ပါတယ်။

အရင်းအမြစ်: DVB - Multimedia Group