ထိုင်းဒုဝန်ကြီးချုပ်၏ အိမ်စောင့်စစ်သား သေနတ်ပြပြီး အိန္ဒိယအမျိုးသားကို ပြန်ပေးဆွဲ

1

ထိုင်းဒုဝန်ကြီးချုပ် ပရ၀စ် ၀ုန်းဆုဝမ်းရဲ့ မင်ဘူရီခရိုင်က အိမ်ကို တာဝန်ကျတဲ့ အစောင့်စစ်သားက အိန္ဒိယကုန်သည်တဦးကို သေနတ်ပြပြန်ပေးဆွဲပြီး ငွေ ဘတ် ၃ သိန်းနီးနီး လုယူသွားလို့ ရဲတွေက လိုက်ရှာနေပါတယ်။

အိန္ဒိယအမျိုးသား ရာမာယာဒါ အသက် ၄၇ နှစ်က ဘန်ကောက်မြို့၊ ရမ်အင်သရာအရပ်၊ လမ်းသွယ် ၁၁၇ လမ်းက အိမ်မှာ ကလေးတွေ၊ ဇနီးသည်နဲ့အတူ နေနေတုန်း ဇန်နဝါရီလ ၁၁ ရက်နေ့ ညနေ ၅ နာရီမှာ အစောင့်စစ်သားက အိမ်ထဲဝင်လာတာလို့ ရဲတွေကို ပြောကြောင်း ဒေးလီးနယူးစ်သတင်းက ထုတ်ပြန်ထားပါတယ်။

အဲဒီနောက် စစ်သားက အားလုံး ကြမ်းပြင်ပေါ်မှာ မှောက်ထားဖို့ ပြောလိုက်ပြီး အိန္ဒိယအမျိုးသားကို သေနတ်နဲ့ထောက်ကာ သူနဲ့ လိုက်ခဲ့ဖို့ ပြောခဲ့တာပါ။

ရာမာယာဒါကို မော်တော်ဆိုင်ကယ်ပေါ် အတင်းအဓမ္မတက်ခိုင်းပြီး အနီးအနားက ရမ်အင်သရာ လမ်းသွယ် ၁၀၉ ဆီ မောင်းသွားကာ လမ်းရဲ့မှောင်တဲ့နေရာ ရောက်ချိန် သူ့ဆီက ၁၁၅၀၀ ဘတ်၊ တယ်လီဖုန်း ၂ လုံးနဲ့ အေတီအမ်ကတ် ၂ ခုကို အစောင့်စစ်သားက ယူသွားတယ်လို့ ဆိုပါတယ်။

အဲဒီနောက် ကုန်စုံဆိုင်က အေတီအမ်စက်ဆီ ဆိုင်ကယ်မောင်းသွားပြီး မစ္စတာရာမာယာဒါကို ပိုက်ဆံထုတ်ဖို့ လျှို့ဝှက်နံပါတ်တွေ အတင်း တောင်းကာ ငွေစုစာအုပ်တခုက ၂၂၁,၀၀၀ ဘတ်နဲ့ နောက် ငွေစုစာအုပ်က ၁၇၆၄၀ ဘတ် ထုတ်ခိုင်းခဲ့တာပါ။

သေနတ်ပြ ပြန်ပေးဆွဲ ငွေလုခဲ့တဲ့ စစ်သားက ဒုဝန်ကြီးချုပ် ပရာဝတ်ရဲ့ မင်ဘူရီခရိုင် အိမ်အပြင်ဘက်က အစောင့်တဲမှာ ပုံမှန်တာဝန်ကျတဲ့ စစ်ရဲအဖွဲ့ဝင်လို့ သတင်းအရင်းအမြစ်တွေက ယူဆနေကြောင်း ဒေးလီးနယူးစ်သတင်းက ရေးသားထားပါတယ်။

အစောင့်စစ်သားက ထိုင်းနိုင်ငံအရှေ့ပိုင်းကို ထွက်ပြေးသွားတယ်လို့ ယူဆနေကြပြီး ခုချိန်မှာ သူ့ကို ရဲတွေက ရှာဖွေနေတယ်လို့ ထိုင်းဗီဇာသတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။

အရင်းအမြစ်: DVB - Multimedia Group