ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လပ်ပိုင်ဆိုင်သည့် ပစ္စည်းများအား အစိုးရသိမ်းယူ

4

ဖမ်းဝရမ်းထုတ်ခံထားရပြီး ထွက်ပြေးတိမ်းရှောင်နေတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လပ် ရှင်နာဝပ်ထရာရဲ့ ပိုင်ဆိုင်ပစ္စည်း အမျိုးအမည် ၃၀ ကျော်ကို နိုင်ငံပိုင်အဖြစ် အစိုးရက သိမ်းယူခဲ့တယ်လို့ သူ့ရဲ့ရှေ့နေက ဇန်နဝါရီ ၃၁ ရက်နေ့မှာ ပြောလိုက်ပါတယ်။

ယင်လပ်ဟာ နိုင်ငံဘဏ္ဍာငွေ သန်းပေါင်းများစွာ ဆုံးရှုံးစေခဲ့တဲ့ ဆန်စပါးဝယ်ယူရေးကိစ္စ လျစ်လျူရှုမှု စွပ်စွဲချက်နဲ့ ထောင်ဒဏ် ၅ နှစ် ပြစ်ဒဏ်ချမှတ်ခံရမယ့် ရုံးချိန်းနေ့မှာ ထွက်ပြေးတိမ်းရှောင်သွားခဲ့တာပါ။

ခုလို အရေးယူသိမ်းဆည်းမှုကိုတော့ အစိုးရ ဥပဒေရေးရာနှင့် အရေးယူမှုဆိုင်ရာ ဦးစီးဌာနက ဦးဆောင်ခဲ့တာဖြစ်တယ်လို့ ဘန်ကောက်ပို့စ်သတင်းတပုဒ်မှာ ဖော်ပြပါတယ်။

အခုသိမ်းယူခဲ့တဲ့ ပိုင်ဆိုင်မှုတွေထဲမှာ ဘန်ကောက်မြို့မြောက်ပိုင်း၊ ဆွိုင်နဝပ်မင်ဒေသမှ နေအိမ်တလုံး အပါအဝင် တခြားပိုင်ဆိုင်မှုတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

အဲဒီအိမ်ဟာ တန်ကြေး ဘတ်ငွေသန်း ၁၁၀ ရှိတယ်လို့ ယင်လပ်က သူ့ရဲ့ပိုင်ဆိုင်မှုတွေကို ထုတ်ပြန်စဉ်က ပြောခဲ့ပါတယ်။

တခြားပိုင်ဆိုင်မှုတွေထဲမှာတော့ ဘန်ကောက်မြို့ပြင်ပက တိုက်ခန်းတွေ၊ မြေတွေ အပါအဝင် ဘဏ်ငွေစာရင်းအကောင့် ၁၂ ခု ပါဝင်တယ်လို့ ရှေ့နေ နော့ပဒေါလ် လာအိုထောင်က ပြောပါတယ်။

အခုသိမ်းယူထားတဲ့ ပစ္စည်းတွေထဲက တချို့ကိုတော့ ယင်လပ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရတဲ့ တန်ကြေးဘတ်ငွေ ၃၅ ဘီလီယံကို ကာမိစေဖို့ လေလံတင်ရောင်းချမှုတွေ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

ထွက်ပြေးတိမ်းရှောင်သွားခဲ့ပြီး ၅ လကြာတဲ့အထိ ယင်လပ်ဟာ ဘယ်နေရာမှာရှိနေတယ် ဆိုတာကို မသိခဲ့ကြပေမယ့် လက်ရှိ အွန်လိုင်းပေါ် ထွက်ပေါ်လာတဲ့ ပုံတွေအရ သူဟာ လန်ဒန်မှာ ရှိနေတယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေ ထိထိရောက်ရောက် မကိုင်တွယ်နိုင်မှုနဲ့ ယင်လပ်ကို သက်ဆိုင်ရာနိုင်ငံတွေကတဆင့် မလွှဲပြောင်းနိုင်မှုအပေါ် ထိုင်းအုပ်ချုပ်ရေးပိုင်းကို ဝေဖန်မှုတွေလည်း ထွက်ပေါ်နေတာ ဖြစ်ပါတယ်။

အရင်းအမြစ်: DVB - Multimedia Group