ဒုံးကျည်သတိပေးချက် မှားယွင်းဖော်ပြခဲ့မှုအတွက် တာဝန်ရှိသူနှစ်ဦး ရာထူးက နုတ်ထွက်

3

ဒုံးကျည်သတိပေးချက် မှားယွင်းဖော်ပြမိတဲ့ ဟာဝိုင်ယီကျွန်းက အစိုးရတာဝန်ရှိသူနှစ်ဦး ရာထူးကနေ နုတ်ထွက်သွားခဲ့ပါတယ်။

ဇန်နဝါရီ ၁၃ ရက်က ဒုံးကျည်သတိပေးချက် မှားယွင်းဖော်ပြခဲ့တာကြောင့် ဟာဝိုင်ယီကျွန်းမှာ လူတွေ အထိတ်တလန့် ဖြစ်ခဲ့တာပါ။

အဲဒီမှားယွင်းမှုနဲ့ပတ်သက်ပြီး ဝန်ထမ်းတဦးကို ရာထူးကနေ ထုတ်ပစ်ခဲ့ပြီး နောက်ထပ် အရပ်ဘက်ကာကွယ်ရေး ထိပ်တန်းတာဝန်ရှိသူနှစ်ဦး အခုလို ရာထူးကနေ အနားယူသွားခဲ့တာ ဖြစ်ပါတယ်။

အရေးပေါ်စီမံခန့်ခွဲရေးဆိုင်ရာ ညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ် အာသာလိုဂန်က “ဝန်ထမ်းတယောက်ကိုတော့ တာဝန်ကနေ ရပ်ဆိုင်းထားပါတယ်။ နောက်တယောက်ကတော့ စည်းကမ်းထိန်းသိမ်းရေး အရေးယူမှုတွေ မလုပ်ခင်ကဘဲ နုတ်ထွက်သွားခဲ့ပါပြီ။ နောက် ဝန်ထမ်းတယောက်ကို လစာမဲ့ ရာထူးကနေ ဆိုင်းငံ့ထားပါတယ်။ တာဝန်ရှိတဲ့ ဗိုလ်မှူးချုပ်မီယာဂျီနဲ့ အကြိမ်ကြိမ် ဆွေးနွေးခဲ့အပြီး သူ့လက်အောက်က ဝန်ထမ်းတွေရဲ့ လုပ်ရပ်နဲ့ပတ်သက်ပြီး သူက အပြည့်အဝ တာဝန်ယူခဲ့တာပါ။ သူ့ရဲ့နုတ်ထွက်စာကို ဒီမနက်ပဲ ကျနော့်ဆီ ပေးပို့ခဲ့ပြီး ကျနော် လက်ခံလိုက်ပါတယ်” လို့ ပြောပါတယ်။

ဇန်နဝါရီ ၁၃ ရက်နေ့က ဟာဝိုင်ယီကျွန်းမှာ ဒုံးကျည်အပစ်ခံရမှု မှားယွင်းသတိပေးချက်ကို ၃၈ မိနစ်ကြာသည်အထိ အမှားပြင်ဆင်မှု မလုပ်ခဲ့ဘဲ ကျွန်းနေ ပြည်သူတွေကို ကြောက်ရွံ့ထိတ်လန့်စေမှု၊ စိတ်ရှုပ်ထွေးမှု ဖြစ်စေခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

အရင်းအမြစ်: DVB - Multimedia Group