စီးပွားရေးအရ အရှုံးပေးသည့်ခေတ် ကျန်ခဲ့ပြီဟု ဒေါ်နယ်ထရမ့် ပြော

10

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က စီးပွားရေးအရ အရှုံးပေးတဲ့ခေတ် ကျန်ခဲ့ပြီလို့ ဇန်နဝါရီ ၃၀ နေ့က ပြောကြားတဲ့ နိုင်ငံတော်အခြေပြမိန့်ခွန်းမှာ ထည့်သွင်းပြောဆိုသွားပါတယ်။

“ကျနော်တို့ရဲ့ပိုင်ဆိုင်မှု၊ အဝေးကိုရောက်သွားတဲ့ ကျနော်တို့ကုမ္ပဏီတွေ၊ ကျနော်တို့ရဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ၊ ပြီးတော့ ကျနော်တို့နိုင်ငံရဲ့ချမ်းသာမှု ဒါတွေအားလုံးကို ပေးဆပ်လိုက်ရတဲ့ ဆယ်စုနှစ်များစွာ၊ တရားမျှတမှုမရှိတဲ့ သဘောတူညီချက် စာမျက်နှာကို နောက်ဆုံးမှာ အမေရိက,က စာမျက်နှာသစ် ဖွင့်လှစ်လိုက်ပါပြီ။ ကျေန်ာတို့နိုင်ငံဟာ ဒီလို ချမ်းသာကြွယ်ဝမှုတွေကို ဆုံးရှုံးခဲ့ရတာပါ။ ဒါပေမယ့် ဒါတွေကို ကျနော်တို့ အမြန်ဆုံး ပြန်ရယူနေပါတယ်။ စီးပွားရေးမှာ လက်မြှောက်အရှုံးပေးတဲ့ခေတ်ကြီးက ကျန်ခဲ့ပါပြီ။ အခုချိန်ကစလို့ မျှတပြီး နှစ်ဦးနှစ်ဖက် အကျိုးရှိစေမယ့် ကုန်သွယ်မှုမျိုးတွေကိုပဲ ကျနော်တို့ မျှော်လင့်ပါတယ်” လို့ ဒေါ်နယ်ထရန့်က ပြောပါတယ်။

ပုံမကျတဲ့ ကုန်သွယ်ရေးသဘောတူညီချက်တွေကို ပြင်ဆင်ဖို့ လုပ်ဆောင်နေပြီး သဘောတူညီချက်အသစ်တွေ အတွက်လည်း ညှိနှိုင်းဆွေးနွေးနေပါတယ်လို့ သူက ဆိုပါတယ်။

ဆက်လက်ပြီး သမ္မတ ထရမ့်က “အားလုံးက ပိုကောင်းရုံသာမက တရားမျှတမှုရှိတဲ့ သဘောတူညီချက်တွေ ဖြစ်လာမှာပါ။ အမေရိကန် အလုပ်သမားတွေကို ကျနော်တို့ အကာအကွယ်ပေးမှာပါ။ ပြီးတော့ အမေရိကန်ရဲ့ မူပိုင်ခွင့်ကိုလည်း ကျနော်တို့ရဲ့ ခိုင်မာတဲ့ ကုန်သွယ်ရေးစည်းမျဉ်းတွေနဲ့ ကာကွယ်သွားမှာပါ ”လို့ ပြောကြားသွားပါတယ်။

အရင်းအမြစ်: DVB - Multimedia Group