ချဲလ်ဆီးက ဘုန်းမောက်ကို ရှုံး၊ မန်စီးတီးက ဝက်စ်ဘရွန်းကို ဂိုးပြတ်နိုင် (ရုပ်သံ)

2

ပရီးမီးယားလိဂ်ပွဲစဉ် ၂၅ အဖြစ် ချဲလ်ဆီးနဲ့ ဘုန်းမောက်၊ မန်စီးတီးနဲ့ ဝက်စ်ဘရွန်းတို့ မနေ့ကယှဉ်ပြိုင်ရာ ချဲလ်ဆီးက ဘုန်းမောက်ကို ၃ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ပြီး မန်စီးတီးက ဝက်စ်ဘရွန်းကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။

ချဲလ်ဆီးနဲ့ ဘုန်းမောက် ပွဲစဉ်မှာ ချဲလ်ဆီးက ဘောလုံးပိုင်ဆိုင်မှုနဲ့ ဂိုးကန်သွင်းခွင့်တွေမှာ အပြတ်အသာစီးရခဲ့ပေမယ့် လိုအပ်တဲ့ အနိုင်ဂိုးတော့ သွင်းယူနိုင်ခြင်း မရှိခဲ့ပါဘူး။

ဒီပွဲ ပထမပိုင်းမှာ တဖက်နဲ့တဖက် ဂိုးမသွင်းနိုင်ဘဲ ဘုန်းမောက်က အနိုင်ဂိုးတွေကို ဒုတိယပိုင်း ၅၁ မိနစ်မှာ ဝီလ်ဆန်၊ ၆၄ မိနစ်မှာ စတန်နစ္စလပ်စ်နဲ့ ၆၇ မိနစ်မှာ အာကီတို့က သွင်းယူပေးခဲ့ပါတယ်။

ဘုန်းမောက်အတွက် အဖွင့်ဂိုးသွင်းယူပေးခဲ့တဲ့ ဝီလ်ဆန်ကို ဒီပွဲအတွက် အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခဲ့ပါတယ်။

ဒီပွဲရှုံးနိမ့်ခဲ့တဲ့ ချဲလ်ဆီးအသင်းဟာ ရမှတ် ၅၀ နဲ့ အဆင့် ၄ နေရာကို ဆင်းပေးလိုက်ရပြီး ဘုန်းမောက်ကတော့ ၂၈ မှတ်နဲ့ အဆင့် ၁၀ ကို တက်လှမ်းနိုင်ခဲ့ပါတယ်။

မန်စီးတီးနဲ့ ဝက်စ်ဘရွန်းတို့ ပွဲစဉ်မှာတော့ နှစ်သင်းစလုံး အဓိက ကစားသမား အများစုနဲ့ ပွဲထွက်ခဲ့သလို မန်စီးတီးမှာ အခုအပြောင်းအရွှေ့ကာလက အသစ်ခေါ်ထားတဲ့ နောက်ခံလူ လာပေါ်တေးကို ထည့်သွင်းအသုံးပြုခဲ့ကာ ဝက်စ်ဘရွန်းကလည်း တိုက်စစ်မှူး စတာရစ်ခ်ျကို လူစားဝင်ကစားသမားအဖြစ် အသုံးပြုခဲ့ပါတယ်။

မန်စီးတီးက အိမ်ကွင်းမှာ ဘောလုံးပိုင်ဆိုင်မှုရော ဂိုးကန်သွင်းခွင့်မှာ တဖက်သတ် အသာစီးယူနိုင်ခဲ့ပါတယ်။

မန်စီးတီးအတွက် အနိုင်ဂိုးတွေကို ပွဲချိန် ၁၉ မိနစ်မှာ ဖာနန်ဒင်ဟို၊ ၆၈ မိနစ်မှာ ဒီဘရွန်းနဲ့ ၈၉ မိနစ်မှာ တိုက်စစ်မှူး အဂွေရိုတို့က သွင်းယူပေးခဲ့ပါတယ်။

ဒီပွဲမှာ အနိုင်ဂိုးတဂိုး သွင်းယူပေးခဲ့တဲ့ မန်စီးတီး ကွင်းလယ်လူ ဒီဘရွန်းကို အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခဲ့ပါတယ်။

ဒီပွဲအနိုင်ရတဲ့ မန်စီးတီးက ရမှတ် ၆၈ မှတ်နဲ့ ဒုတိယနေရာက မန်ယူကို ၁၅ မှတ်ဖြတ်ပြီး အမှတ်ပေးဇယားကို ဆက်ဦးဆောင်ထားနိုင်ခဲ့ပါတယ်။

ဝက်စ်ဘရွန်းကတော့ ရမှတ် ၂၀ နဲ့ အမှတ်ပေးဇယား အောက်ဆုံးမှာပဲ ဆက်ရှိနေပါတယ်။

အရင်းအမြစ်: DVB - Multimedia Group