ပရီးမီးယားလိဂ်ပွဲစဉ်တွင် စပါးက မန်ယူကို ၂ ဂိုး ဂိုးမရှိဖြင့် နိုင် (ရုပ်သံ)

2

မနေ့ညက ယှဉ်ပြိုင်တဲ့ တော့တင်ဟမ်ဟော့စပါးနဲ့ မန်ချက်စတာယူနိုက်တက်တို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ စပါးက ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။

အိမ်ရှင် စပါးအသင်းဟာ ဟယ်ရီကိန်း၊ အယ်လီ၊ ဆွန်ဟောင်မင်၊ အဲရစ်ဆန် စတဲ့ အဓိက ကစားသမားတွေနဲ့ ပွဲထွက်လာခဲ့သလို မန်ယူကလည်း လူကာကူ၊ ဆန်းချက်၊ လင်ဂတ်၊ မာရှယ်၊ ပေါ့ဂ်ဘာ၊ မာတစ် စတဲ့ ကစားသမားတွေနဲ့ ပွဲထွက်လာခဲ့တာပါ။

ပွဲစပြီး ၁၁ စက္ကန့်လောက်မှာပဲ အယ်လီချပေးလိုက်တဲ့ ဘောလုံးကို ကွင်းလယ်လူ အဲရစ်ဆန်က အနီးကပ်ပိတ်သွင်းပြီး စပါးအတွက် ဦးဆောင်ဂိုး ရယူပေးခဲ့ပါတယ်။

ဒီနေ့ပွဲမှာ စပါးအသင်းက ဘောလုံးပိုင်ဆိုင်မှုနဲ့ ဂိုးကန်သွင်းခွင့်မှာ မန်ယူအသင်းကို အသာစီးရယူနိုင်ခဲ့ပါတယ်။

မန်ယူအသင်းဟာ အဓိက ကစားသမားတွေနဲ့ ပွဲထွက်ခဲ့ပေမယ့် အပေးအယူ အချိတ်အဆက် လွဲချော်တာ၊ ထိရောက်တဲ့ တိုက်စစ်ဆင်မှု မလုပ်နိုင်တာတွေကြောင့် ချေပဂိုးတဂိုးမှ မသွင်းနိုင်ဘဲ အရှုံးပေးလိုက်ရတာပါ။

ပွဲချိန် ၂၈ မိနစ်မှာ စပါးနောက်ခံလူ ထရစ်ပီယာ မန်ယူဂိုးရှေ့ ဖြတ်တင်ပေးတာကို ဖီးလ်ဂျုံးစ် ဖျက်ထုတ်ရာက ကိုယ့်ဂိုးကိုယ်သွင်းမိပြီး စပါး ဒုတိယအနိုင်ဂိုး ရရှိသွားပါတယ်။

ဒီနေ့ပွဲအတွက် အဖွင့်ဂိုးသွင်းယူပေးခဲ့တဲ့ စပါးကွင်းလယ်လူ အဲရစ်ဆန်ကို အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခဲ့ပါတယ်။

ဒီပွဲအနိုင်ရတဲ့ စပါးအသင်းက ရမှတ် ၄၈ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၅ မှာ ရပ်တည်နေပြီး မန်ယူက ရမှတ် ၅၃ မှတ်နဲ့ အဆင့် ၂ နေရာမှာပဲ ဆက်ရှိနေပါတယ်။

အရင်းအမြစ်: DVB - Multimedia Group